ကွတ်ခိုင် ဩဂုတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေဂန္ဓာမာခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် ကွတ်ခိုင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ကော်မတီအတွင်းရေးမှူး ဒုတိယရဲမှူးကြီးလှိုင်မင်းစိုးက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ခရိုင်ကုသရေးဦးစီးဌာနမှူး DR.ကိုကိုက ကျောင်းကျန်းမာရေးသီတင်းပတ်၏ အဓိကလုပ်ငန်းများဖြစ်သော ကျောင်းအခြေပြု အသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းအခြေပြုရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများအန္တရာယ်ကင်းဝေးရေးလုပ်ငန်းများနှင့် ကျောင်းကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအကြောင်းကို အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ DR.အောင်ကျော်ဖြိုးမှ စနစ်မှန်သွားတိုက်ခြင်းနှင့် ပတ်သက်၍လည်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးများစစ်ဆေးပုံ၊ အပျိုဖော်ဝင်မိန်းကလေးငယ်များအား သံဓာတ်ဆေးပြားတိုက်ကျွေးပုံ၊ ကျောင်းသား၊ ကျောင်းသူများအား သံချဆေးတိုက်ကျွေးပုံနှင့် Iodine ဆားစစ်ဆေးနေပုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ချစ်မျိုးဦး(ကွတ်ခိုင်)