ဘီးလင်းမြို့နယ်၌ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်းသည့် အသိပညာပေး ရှင်းလင်းပွဲကျင်းပ

ဘီးလင်း ဩဂုတ် ၂၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်က အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ချိုက အခွန်ပေးဆောင်ရခြင်း၏ ရည်ရွယ်ချက်၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ကျင့်သုံးနေသောဥပဒေများ၊ ကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ စားသောက်ဆိုင်၊ ဟိုတယ်/တည်းခိုခန်း၊ ရွှေထည်လက်ဝတ်ရတနာ၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်း များရောင်းချခြင်းစသည့် လုပ်ငန်းရှင်များအား ပြေစာထုတ်ပေးခြင်းနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန်ပျက်ကွက်မှုအား ဒဏ်ငွေတပ်ရိုက်ခြင်း၊ ပျက်ကွက်မှုအား တိုင်ကြားခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အခွန်ဦးစီးမှူး ဦးအောင်သွင်ထူးက အခွန်တံဆိပ်ကပ်နှိပ်ခြင်းနှင့် ပက်သက်၍ ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် အခွန်ထမ်းလုပ်ငန်းရှင်တို့က သိလိုသည်တို့ကို မေးမြန်း ကြရာ တာဝန်ရှိသူတို့မှ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။

အဆိုပါရှင်းလင်းပွဲသို့ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ဟိုတယ်/တည်းခိုခန်း၊ စားသောက်ဆိုင်၊ ရွှေဆိုင် လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ စသည်တို့မှ အခွန်ထမ်းလုပ်ငန်းရှင်(၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)