ကျောက်ပန်းတောင်း ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စိုက်ပျိုးသည့် (၃)လပဲခေါ် ပင်ထောင်မိုးမြေပဲများ နှုတ်သိမ်းနေကြပြီး၊ အထွက်နှုန်း ကောင်းမွန်ကြ သော်လည်း မိုးလွတ်အောင် အချိန်လု၍ ဆောင်ရွက်ရသဖြင့် လုပ်သားခများ ဈေးကောင်းပေးခေါ်ယူနေကြသဖြင့် လက်စားခလိုက်သူများ အဆင်ပြေနေကြ သည့်နည်းတူ၊ သီးနှံပေါ်ချိန် ဈေးကောင်းရရှိသဖြင့် မြေပဲစိုက်တောင်သူများလည်း အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးမြေပဲဖြစ်သည့် (၃)လပဲခေါ် ပင်ထောင်မြေပဲကို မေလဆန်းတွင် စတင်စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရပြီး၊ ယခု ဩဂုတ်လလယ်ခန့်တွင် စတင်နှုတ်သိမ်းနေကြရကြောင်းနှင့် အထွက်နှုန်းကောင်းမွန်သဖြင့် တောင်သူအတော်တော်များများ သီးနှံရရှိကြကြောင်း မြေပဲစိုက် တောင်သူများထံမှ သိရသည်။ မြေပဲသီးနှံကို စတင် စိုက်ပျိုးချိန်က မျိုးဈေးအနေဖြင့် တစ်တင်းလျှင် ငွေကျပ် ၁၂၀၀၀၀ ပေး၍ ဝယ်ယူစိုက်ပျိုးခဲ့ကြရပြီး၊ အရွက်အားတိုးဆေး၊ အသီးအားတိုးဆေး အစရှိသည့် အားဆေးများ ပက်ဖျန်းခြင်း၊ ပေါင်းနှုတ်ခြင်းစသည့် ကုန်ကျစရိတ်များလည်း ကြီးမားကြောင်း သိရသည်။ ယခု မြေပဲပေါ်ချိန်တွင်လည်း မြေပဲနှုတ်ခကို အခင်းပြတ် အဖွဲ့လိုက် လှည့်လည်လုပ်ဆောင်ကြသူများ ရှိသလို တစ်ဦးချင်း လက်စားလိုက် လက်ခယူ ကြသူများလည်းရှိကြောင်းနှင့် အခင်းပြတ်ကို ၅သောင်း၊ တစ်သိန်း ၊ တစ်သိန်းခွဲ စသည်ဖြင့် ယူကြ၍ တစ်ဦးချင်းလက်စားခ ဈေးနှုန်းမှာ တစ်မနက် ၃၀၀၀ကျပ် တစ်နေကုန် ၆၀၀၀ကျပ် ပေးရကြောင်း သိရသည်။ နှုတ်ပြီး မြေပဲကို ခြွေဆွတ်ရန်အတွက် မိသားစုနည်း၍ လူငှားလုပ်ဆောင်ပါက တစ်တင်းလျှင် ၂ ထောင်ကျပ်ပေးရကြောင်း သိရပြီး၊ စက်ဖြင့် ခြွေမည်ဆိုပါက တစ်တင်း ၁၅၀၀ ကျပ် ပေးရကြောင်း သိရသည်။ မြေပဲစိုက်တောင်သူများအနေဖြင့် မိုးလေဝသ အခြေအနေအရ အစေ့အဆန် ပုတ်ထဲ တောင်းထဲ ရောက်ရှိစေရန်အတွက် လုပ်သားခများ ဈေးကောင်းပေး ခေါ်ယူရသဖြင့် လက်စားလုပ်သားများ အဆင်ပြေ နေကြသည့်နည်းတူ၊ ရရှိသည့် သီးနှံများကို ပေါ်ဦးပေါ်ဖျား ရောင်းချနိုင်သည့် တောင်သူများအနေဖြင့်လည်း ယမန်နေ့ ပေါက်ဈေးအရ မြေပဲ ၁ ပြည်လျှင် ၇၈၀၀ ကျပ်ရောင်းချကြရပြီး၊ တစ်တင်းလျှင် ငွေကျပ် ၁၂၅၀၀၀ ကျပ် မှ ၁၃၀၀၀၀ ကျပ်အထိ ရရှိကြသဖြင့် အဆင်ပြေကြကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးမြေပဲကို တစ်မြို့နယ်လုံးအနေဖြင့် ၅၈၂၇၁ ဧက စိုက်ပျိုးရန် လျာထားခဲ့သော်လည်း၊ ဧက ၃၂၁၃၂ ဧကကျော် စိုက်ပျိုး ခဲ့ကြောင်းနှင့် မိုးလယ်တွင် ဝါဆိုပဲအနေအဖြင့် ထပ်မံစိုက်ပျိုးရန်ရှိသေးသဖြင့် လျာထားချက် ပြည့်မီသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။ ယခုနှစ်တွင် မြေပဲစိုက်တောင်သူများအနေဖြင့် မြေပဲ ၁ ဧကလျှင် ပျမ်းမျှအားဖြင့် တင်း ၄၀ မှ ၅၀ ကျော် ထွက်ရှိကြကြောင်း သိရပြီး ဈေးကောင်း ရရှိသဖြင့် အဆင်ပြေလျက်ရှိကြကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)