ကာလိ ဩဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို အခြေခံပညာအထက်တန်းကျောင်းနှင့်ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းက သဘာဝဘေးအန္တရာယ်ကျရောက်ပါက ဆောင်ရန်၊ရှောင်ရန်အချက်များ၊ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ပြီး၊ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာဦးအောင်ပြည့်ဖြိုးက မီးဘေး၊ လေဘေး၊ ရေဘေးအန္တရာယ်ဆိုင်ရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က သဘာဝဘေး အန္တရာယ်များနှင့် ပတ်သတ်သည့်အကြောင်းအရာများ၊ စာပေဖတ်ရှု့ခြင်းဆိုင်ရာများနှင့် သတင်းမီဒီယာဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့် မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ နံရံကပ်စာစောင်များ ပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)