အောင်ချမ်းသာ အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

လွိုင်လင် ဩဂုတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အောင်ချမ်းသာ အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ (Mini) (၆)လနှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ အသင်းသား (၂၂၀)ဦးခန့်တက်ရောက်ကြသည်။

အစီအစဉ်အရ အခမ်းအနားပထမပိုင်းကို စတင်ကျင်းပရာ အောင်ချမ်းသာ သမအသင်းဥက္ကဋ္ဌ ဒေါ်နန်းစိန်ကြည်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်အောင်၊ လွိုင်လင်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှတို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ ဒါရိုက်တာအဖွဲ့၏ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ စာရင်းစစ်အဖွဲ့၏ ဘဏ္ဍာရေးရှင်းတမ်းနှင့်၊ နှစ်ချုပ်အစီရင်ခံစာကိုလည်းကောင်း တာဝန်ရှိသူများမှဖတ်ကြားပြီး သဘာပတိ၏ အတည်ပြုချက်ကို ရယူကြသည်။ ထို့နောက် (၁၈)လအတွက် အသင်းသားများ၏ စုဆောင်းငွေအပေါ် အတိုးထုတ်ပေးခြင်း ငွေကျပ်သိန်း(၂၉၀)ကျော်ကို အသင်းစုအတွင်းရေးမှူးမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးထံ ပေးအပ်ပါသည်။ ဆက်လက်၍ ထူးချွန်အသင်းသားများအား ဆုချီးမြှင့်ခြင်းနှင့် အသင်းသားများ၏ တက္ကသိုလ်ဝင်တန်းအောင်မြင်သော သား/သမီးများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီးနောက် အသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားအစီအစဉ် ပထမပိုင်းကို ခေတ္တရပ်နားပါသည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ဦးစီးအရာရှိ ဒေါ်တင်တင်လှက သဘာပတိ အဖြစ်ဆောင်ရွက်ပြီး ဒါရိုက်တာအဖွဲ့ဝင်များရွေးချယ်ပုံ နည်းစနစ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သက်တမ်းကုန်ဆုံးသွားသည့် ဒါရိုက်တာ အဖွဲ့ဝင်များကိုယ်စားအဖွဲ့ဥက္ကဋ္ဌမှ နှုတ်ထွက်ကြောင်းကြေညာသည်။ ဆက်လက်၍ အမှုဆောင်ဒါရိုက်တာအသစ် ရွေးချယ်ခြင်းကို အသင်းသားနှစ်ဦးက အမည်စာရင်းအဆိုတင်သွင်းခြင်းနှင့် အသင်းသားနှစ်ဦးက ထောက်ခံဆွေးနွေးကြပြီးနောက် ဒါရိုက်တာ အဖွဲ့ဝင်သစ်များကို အတည်ပြုကြပြီး သဘာပတိရှေ့မှောက်တွင် ဂတိသစ္စာခံယူကြသည်။ ထို့နောက် အသင်း၏အမှုဆောင်ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ အသစ်မှမိတ်ဆက်စကား ပြောကြားခဲ့ပြီးနောက် မြို့နယ်ခွဲကော်မရှင်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားပြီးနောက် အစည်းအဝေးတက်ရောက်လာကြသည့် အသင်းသားများအား ကံစမ်းမဲအမှတ်တရာပစ္စည်းများမဲဖောက်ပေးပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)