ဆိပ်ကြီးခနောင်တို ဩဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ခရိုင်အဆင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၃ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် ယခင်နှစ်များနည်းတူ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများဖြင့် ကော်မတီများ အသီးသီးဖွဲ့စည်းထားပြီး၊ သက်ဆိုင်ရာကော်မတီအလိုက်လုပ်ငန်းများ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိင်သူများအနေဖြင့်လည်း မြို့နယ်ကိုယ်စားပြု ဆုရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုကြောင်းစသည်ဖြင့် ရှင်းလင်းပြောကြားပြီး၊ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဖွဲ့စည်းထားသည့်ပြိုင်ပွဲဝင်များ အောင်နိုင်ရေးကြီးကြပ်မှုကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီ၊ သွားရောက်ယှဉ်ပြိုင်ရေးနှင့် ပို့ဆောင်ရေးဆပ်ကော်မတီစသည့် ကော်မတီ ၃ ခုမှ တာဝန်ရှိသူများက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ ယခင်နှစ် အားနည်းချက်၊ အားသာချက်များနှင့် နှိုင်းယှဉ်၍ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးသည်။
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ခရိုင်အဆင့်ပြိုင်ပွဲကို လာမည့်စက်တင်ဘာလ (၁၀)ရက်နှင့် (၁၁) ရက်နေ့များတွင် သမဝါယမကောလိပ် (သန်လျင်)နှင့် ဒလမြို့နယ်ခန်းမတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဆိပ်ကြီးခနောင်တို မြို့နယ်ကိုယ်စားပြု ပြိုင်ပွဲဝင် ကျား ၁ ဦး မ ၁ ဦးမှ ဝါသနာရှင် (ဒုတိယအဆင့်) အဆိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ(IPRD)