ညောင်ရွှေ ဩဂုတ် ၂၅
၁၃၈၅-ခုနှစ်၊ သီတင်းကျွတ်လ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ အင်းလေးကန်ဝဲယာ (၂၁)ဌာနသို့ဒေသစာရီကြွချီ လှည့်လည်ပူဇော်ခံရေး ဒေသန္တရအရပ်ရပ်အစည်း အဝေးကို ဩဂုတ်(၂၄)ရက် နေ့လည်(၁၂)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဖောင် တော်ဦးမြတ်စွာဘုရား ကုန်းတော်မြတ်ရှိ ဗုဒ္ဓသာသနာထိန်ထိန်လင်း ကျောင်းတော်ကြီး၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အစည်းဝေးကြွရောက်လာကြကုန်သော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ထိန်းသိမ်းစောင့်ရှောက်ရေး ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ မိုင်းသောက်ပထမစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ သုမင်္ဂလာဘိဝံသဆရာတော်မှ ဩဝါဒကထာမြွက်ကြားတော်မူခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျောက်ထားတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စွာလင်းက ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ (၂၁)ဌာနဒေသစာရီကြွချီ လှည့်လည်ပူဇော်ခံရေးဆိုင်ရာ ကိစ္စရပ်များကို လျောက်ထားတင်ပြသည်။
၎င်းနောက် မြို့နယ်သာသနာရေးဦးစီးဌာန၊ ဦးစီးမှူးဦးကံထူးမောင်က ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီပူဇော်ခံနိုင်ရေး ကြိုတင်ညှိနှိုင်အစည်းအဝေး ဆုံးဖြတ်ချက်များကို ဖတ်ကြားလျောက်ထား အတည်ပြုချက်ရယူပြီး ဒေသစာရီကြွချီအပူဇော်ခံမည့် (၂၁)ဌာနမှ ဆရာတော်များနှင့် ဂေါပကအဖွဲများက သက်ဆိုင်ရာဌာနအလိုက် လျောက်ထားတင်ပြခဲ့ကြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများမှ အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးကို ဗုဒ္ဓသာနနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ရပ်နားခဲ့ကြောင်းနှင့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ အင်းလေးကန်ဝဲယာ (၂၁)ဌာနသို့ဒေသစာရီကြွချီ လှည့်လည်ပူဇော်ခံပွဲကို (၁၅-၁၀-၂၀၂၃)ရက်နေ့မှ (၁-၁၁-၂၀၂၃)ရက် နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသသည်။
စိုင်းအယ်ဘဲ