မြောက်ဦး ဩဂုတ် ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ရေဘေးအသိပညာပေးဟောပြောပွဲနှင့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ယမန်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်က အောင်တပ်ရပ်ကွက် မြို့တော်ခန်းမနှင့် အောင်တပ်ချောင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးစန်နီက ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးစံထွန်းက မိုးသည်းထန်စွာရွာသွန်းပါက ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေညာပေးမှုများ၊ ရှာဖွေဆယ်ကယ်ရေး တပ်ဖွဲ့ဝင်များက အသက်ကယ်လှေ၊ စက်လှေများဖြင့် ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်သည့်နေရာများသို့ ပြောင်းရွေ့ပေးမှုများနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးမှုများစသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရေဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ဆောင်ရွက်ခဲ့ရာ သဘာဝဘေးကြုံတွေ့လာပါက သတင်းပို့ခြင်း၊ သတိပေးကြေညာခြင်း၊ ရေဘေးသင့် ပြည်သူများအား ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေရာချထားခြင်း၊ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေနစ်သူများအား ရှာဖွေကယ်ဆယ်၍ ရှေးဦးသူနာပြုစုခြင်းစသည့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းများကို မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ရေဘေးအသိပညာပေးဟောပြောပွဲနှင့် ရေဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)