မော်လမြိုင် ဩဂုတ် ၂၅
မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၉) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်)တို့ ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၂၃ ရက်နေ့ နေ့လည်ပိုင်းက အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာ စကားပြောကြားကာ အမှတ်(၉) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်)မှ ဒုရဲအုပ်ချစ်ဖူပွင့်ဝေက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များနှင့် ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်နေသည့် လူကုန်ကူးမှု ဖြစ်စဉ်များ၊ လူကုန်ကူးခံရနိုင်သည့် အသက်အရွယ် အမျိုးအစားနှင့်၊ လူကုန်ကူးခံရပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်းတို့ကိုလည်ကောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာ ဗဟုသုတ အကြောင်းအရာများ၊ စာဖတ်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ အကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အကြောင်းအရာ ဥပဒေပြဋ္ဌာန်းချက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ပြသထားသော နံရံကပ် စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)