မိုးနဲ ဩဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ်၊ အောင်မြင်ဖြစ်ထွန်းနေသော မိုးသီးနှံ မြေပဲ စံပြစိုက် ခင်းကို လွိုင်ချိုကျေးရွာအုပ်စု၊ လွယ်ယုကာကျေးရွာတွင် တောင်သူ-ဦးပုည၏ မြေပဲမျိုးသန့်ပွားနေရာ၌ (မကွေး-၁၆ နှင့် ဆင်းပဒေသာ-၁၁)မျိုးကို ယနေ့နံနက် ၈ နာရီအချိန်က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံအရည်အသွေး တိုးတက်ရေးအတွက် တောင်သူဦးပုည စိုက်ပျိုးထားသော ထွက်နှုန်း ကောင်း မကွေး-၁၆ နှင့် ဆင်းပဒေသာ-၁၁ စမ်းသပ်စိုက်ခင်း နှစ်ဧကအား ကောင်း/သင့်/ညံ့ ခွဲ၍ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ ၇၀ တင်း ထွက်ရှိပြီး စံကွက်ရိတ်သိမ်းရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့် ၊မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးနှင့် ကွင်း တာဝန်ခံများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် ဆီရိက္ခာဖူလုံရေးအတွက် ပန်းနှမ်း၊ မြေပဲ၊ နေကြာ သီးနှံတို့ကို စိုက်ပျိုးလျက်ရှိရာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် မိုးမြေပဲကို ၄၄၀ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
မျိုးညွန့်ရွှေ( မိုးနဲ )