ရမည်းသင်းမြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာမျိုးစေ့ (၃၇၃၂)ဧက အခမဲ့ဖြန့်ဖြူးပေးမည်

ရမည်းသင်း       ဩဂုတ်    ၂၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံဖူလုံစေရန် နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် ဆီထွက်သီးနှံ နေကြာမျိုးစေ့ (၃၇၃၂) ဧက အခမဲ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ ၂ နာရီက ရမည်းသင်းမြို့နယ် ရွှေဒါးသာစည်အုပ်စု၊ ရွှေဒါးနည်းပညာပြန့်ပွားရေးစင်တာ၌ ပြုလုပ်သည့် ဆီထွက်သီးနှံဖူလုံရေးအတွက် နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးဆွေးနွေးပွဲနှင့် နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားမှ သိရသည်။

အခမ်းအနားတွင် ရမည်းသင်းခရိုင်စိုက်ပျိုးရေး ဦးစီးမှူးဦးကြည်လင်းက နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက လယ်ယာမြေများအတွင်း သီးနှံစိုက်ပျိုးရေးနှင့် မြေကွက်လပ်ထားရှိမှု မရှိစေရေး ရှင်းလင်းပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးသန့်က နေကြာမျိုးစေ့ပြန့်ပွားရေးအတွက် နေကြာမျိုးစေ့ အခမဲ့ပေးအပ်ရခြင်းနှင့် တောင်သူများ၏ အကျိုးခံစားခွင့်များ၊ နေကြာသီးနှံစိုက်ပျိုးမှု လျာထားချက် ပြည့်မီရေး ရှင်းလင်းဆွေးနွေးသည်။

ထို့နောက်ရွှေဒါးရှေတန်းစခန်းရှိ ကျေးရွာအုပ်စု(၈)အုပ်စုမှတောင်သူများအတွက် တစ်ဦးလျှင် အခမဲ့နေကြာမျိုးစေ့ (၄)ပြည်တစ်အိတ်နှုန်းဖြင့် တောင်သူ(၁၀၅)ဦး၏ လက်ရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ရမည်းသင်းမြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာမျိုးစေ့ကို (၃၇၃၂)ဧက ဖြန့်ဖြူးရန်လျာထားပြီး (၇၉၅)ဧကဖြန့်ဖြူပေးနိုင်ခဲ့ပြီး ကျန်ရှိနေသေးသည့် (၂၉၃၇) ဧကကိုလည်း တောင်သူများလက်ဝယ်ရောက် အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ဇော်ဝင်းအောင်