တိုက်ကြီး အောက်တိုဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ဥက္ကံမြို့၊ အဖျောက်မြို့ အ.ထ.က ကျောင်းများတွင် Quarantine ဝင်နေသူများထံမှ ကိုဗစ်-၁၉ ရောဂါအတည် ပြုလူနာများ ထပ်မံ တွေ့ရှိရကြောင်း တိုက်ကြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများသည် ယမန်နေ့ ညနေ (၆)နာရီခွဲအချိန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲအတည်ပြုလူနာစာရင်း ထုတ်ပြန်ချက်အရ ဥက္ကံမြို့ အ.ထ.က တွင် Quarantine ဝင်နေသူ(၁၁)ဦး၊ ဥက္ကံဆေးရုံ (PUI)မှ (၂)ဦး၊ အဖျောက်မြို့ အ.ထ.ကတွင် Quarantine ဝင်နေသူ (၉)ဦး၊ အဖျောက်ဆေးရုံ (PUI) မှ (၁)ဦး စုစုပေါင်း (၂၃)ဦး ပိုးတွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာများကို ဆေးကုသမှု ခံယူနိုင်ရေးအတွက် တောင်ဒဂုံမြင့်မိုရ် ကိုဗစ် စင်တာသို့ ခိုကိုးရာမဲ့အဖိုးအဖွားများ စောင့်ရှောက်ရေးနှင့် လူမှုကူညီကယ်ဆယ်ရေး အသင်း (တိုက်ကြီးမြို့နယ်)မှ ကိုဗစ်-၁၉ ကာကွယ်တားဆီးထိန်းချုပ်ရေးအထူးအဖွဲ့မှ အထူး ယာဉ် (၂)စီး၊ ဦးအောင်ခိုင်ဖောင်ဒေးရှင်းမှ အရေးပေါ်ယာဉ်(၁)စီး၊ မေတ္တာရေစင် အရေးပေါ်လူနာတင်ယာဉ်အသင်းမှ အရေးပေါ်ယာဉ် (၂)စီးတို့ဖြင့် ပို့ဆောင်ပေးခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် အောက်တိုဘာ လ ၁၄ ရက်နေ့ အထိ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြုလူနာ (၇၃)ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၂၁)ဦး၊ သေဆုံးသူ (၂)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)