ဘူးသီးတောင် သြဂုတ် ၂၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း" ကို ယမန်နေ့(၂)နာရီအချိန်က အ.ထ.က ခွဲ (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က "လူငယ်စကားဝိုင်း" ကျင်းပရသည့် ရည်ရွယ်ချက်များ ပြောကြားရာ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်စဉ်းစားတွေးခေါ်မှု စွမ်းရည်များရှင်သန်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်လူကောင်းများပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းပြောကြားပြီး အ.ထ.ကခွဲ(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်နုမှ လူငယ်စကားဝိုင်းကျင်းပခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ဘာစေရန်နှင့် အသိပညာဗဟုသုတ ကြွယ်ဝလာစေရန် စသည့်အကြောင်းအရာများကို ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်နှင့် အ.ထ.ကခွဲ (၂) အခြေခံပညာအထက်တန်းကျောင်းမှ မောင်ခန့်အောင်ဟိန်း Grade (12) မှ လူငယ်နှင့်နည်းပညာ၊ မမျိုးယုစံ Grade (12) မှ လူငယ်နှင့်ယဥ်ကျေးမှု မောင်ဇော်ဇော်လင်း Grade (10) မှ လူငယ်နှင့်ပညာရေး မအိဖြူဖြူဇင် Grade (8) လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက် လာသောကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်စကားဝိုင်းသို့ အ.ထ.က ခွဲ (၂) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)