နမ့်ခမ်းမြို့နယ်တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်

နမ့်ခမ်း          ဩဂုတ်   ၂၄

တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး ရက်သတ္တပတ်ဖြစ်သော ဩဂုတ်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့လှုပ်ရှားမှုအတွက် နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ နားကပ်အမှတ် အသားတပ်ဆင်ပေးခြင်း၊ ကျွဲ၊ နွား ခြံများအတွင်း ပိုးသတ်ဆေးဖျန်းပက်ခြင်း၊ မီးခိုးမှိုင်း တိုက်ခြင်းများအပြင် မွေးမြူရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ ဆက်လက်ပြီး တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးခြံများတွင် ပိုးသတ်ဆေးဖျန်းခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။

နမ့်ခမ်းမြို့နယ်အတွင်း ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၁၈)ရွာတို့တွင် ကျွဲ၊ နွားမွေးမြူ သူ (၆၉)ဦး မှ ကျွဲ၊နွား (၁၁၄၈) ကောင်ကို ခွာနာလျှာနာရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျွဲ၊နွား (၁၁၅) ကောင်ကို နားကပ်တပ်ဆင်ပေးခဲ့ကြောင်း၊ တစ်ပိုင်တစ်နိုင်ဝက်မွေးမြူသူ (၂၉) ဦး၏ ဝက်ခြံများတွင် ပိုးသတ်ဆေး ပက်ဖျန်းပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ အသိပညာပေး လက်ကမ်းစာစောင်များတွင် အာဖရိက ဝက်အပြင်းဖျားရောဂါနှင့် ကျွဲ၊ နွားအရေပြား အကျိတ်ရောဂါများအတွက် ဆောင်ရန်ရှောင်ရန်များပါဝင်ကြောင်း၊ ကျန်ရှိနေသော ကျေးရွာများရှိ တိရစ္ဆာန်များကိုလည်း ကာကွယ်ဆေးထိုးခြင်း၊ နားကပ်တပ်ဆင်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဇော်မင်းထွန်းက ပြောကြားခဲ့သည်။

နမ့်ခမ်း(ပြန်/ဆက်)