မာန်အောင် ဩဂုတ် ၂၄
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ငါးဖမ်းရေယာဥ်လုပ်သားများနှင့် ရေကြောင်းခရီးသွားပြည်သူများအား (Life Jackets)အသက်ကယ်အင်္ကျီများ စနစ်တကျဝတ်ဆင်တတ်စေရန်နှင့် အသက်ကယ်ဘောကွင်း ရေထဲပစ်ချ အသက်ကယ်တင်နိုင်ရန် သရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက မျှော်တော်ဦးကျေးရွာ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ငါးဖမ်းစက်လှေများတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်စိုးဦးဦးဆောင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မျှော်တော်ဦးကျေးရွာအုပ်စု၊ မျှော်တော်ဦးကျေးရွာဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ငါးဖမ်းစက်လှေများတွင် ရေယာဥ်လုပ်သားများအား ယခုအချိန်ခါ မိုးရာသီကာလတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ခြင်း၊ မြစ်ရေကြီးခြင်း၊ တောင်ကျချောင်းရေများ အရှိန်ပြင်းစွာစီးဆင်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါသဘာဝဘေး အန္တရာယ်များကြောင့် ရေယာဉ်များမတော်တဆ ထိခိုက်မှုများဖြစ်ပေါ်နိုင်ကြောင်း ငါးဖမ်းရေယာဥ် လုပ်သားများနှင့် ရေကြောင်းခရီးသွားများအနေဖြင့် ခရီးသွားလာရာတွင် လုံခြုံစိတ်ချစွာသွားလာနိုင်ရန် အသက်ကယ်အင်္ကျီများ ဝတ်ဆင်သွားလာကြရန်လိုကြောင်း အသိပညာပေးပြောကြားပြီး အသက်ကယ်အင်္ကျီ(Life Jacket)စနစ်တကျဝတ်ဆင်ပုံနှင့် အသက်ကယ်ဘောကွင်းဖြင့် ရေထဲပစ်ချ ကယ်တင်ခြင်းများကိုသရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)