မိုင်းယောင်း ဩဂုတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ဆစ်ပိုး(Stem Borer)ကျရောက်မှု ကြိုတင်ကာကွယ်ရန်အတွက် ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ကျေးရွာများတွင် အသိပညာပေးလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ယခုအချိန်သည် သီးနှံများအား ပန်းတိုင်အထွက်နှုန်းရရှိရန် ဆောင်ရွက်နေကြောင်း၊ မိုးစပါးများတွင် ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရန် သတိထားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဆစ်ပိုးကျရောက်မှုမရှိစေရန် စောင့်ကြည့်သတိထားကာကွယ်ရမည်ဖြစ်ကြောင်း၊ ဆစ်ပိုးများသည် မိုးစပါး၊ နွေစပါး နှစ်မျိုးလုံးတွင် ကျရောက်နိုင်ကြောင်း၊ စတင်ပျိုးထောင်ချိန်မှ ရိတ်သိမ်းချိန်အထိ ကျရောက်တတ်ကြောင်း၊ သီးထပ်စိုက်သည့် စိုက်ကွင်းများတွင် ပိုမိုကျရောက်တတ်ကြောင်း ဟောပြောသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟဇော်က မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအနေဖြင့် ၎င်းဖျက်ပိုးအား တွေ့ရှိပါက တွေ့လျှင်တွေ့ချင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဖုန်းနံပါတ် ၀၉-၂၅၆၀၇၂၂၅၇၊ ၀၉-၄၂၈၂၂၅၄၀၁ နှင့် ၀၉-၂၅၂၉၈၄၁၁၂ ကို ချက်ချင်းဆက်သွယ်အကြောင်းကြားနိုင်ကြောင်း ဆွေးနွေးဟောပြောပြီး စပါးအဝါရောင်ဆစ်ပိုး ဘက်စုံကာကွယ်နှိမ်နင်းနည်းများကို Power Point ဖြင့် ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)