ကျောက်ဖြူမြို့၊ အ.ထ.က(၁)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်း(၂)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကျောက်ဖြူ ဩဂုတ် ၂၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ပန်းခင်း(၂) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပန်းခင်း(၂)စီမံချက်ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး နိုင်ငံသားဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေးအတွက် ပြည်သူလူထုအားလုံး၏ လက်ဝယ်၌ ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုးကို ကိုင်ဆောင်နိုင်ရေး ကျောင်းသား၊ ကျောင်းသူများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးက ပြောကြားသည်။

အဆိုပါ ပန်းခင်း(၂)စီမံချက်ဖြင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား (၈၃) ဦး၊ ကျောင်းသူ (၁၁၁) ဦး စုစုပေါင်း (၁၉၄) ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်ကျေးရွာများသို့ ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)