အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် သတ္တမအကြိမ်မြောက် မိုးရာသီအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ သြဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သတ္တမအကြိမ်မြောက် မိုးရာသီအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဝင်းအတွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်က အမှာစကားပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် မိုးရာသီအားကစားပြိုင်ပွဲကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှာ သတ္တမအကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်း၊ မိုးရာသီအားကစားပြိုင်ပွဲတွင် အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲနှင့် အမျိုးသမီးထုတ်ဆီးထိုးပြိုင်ပွဲဆိုပြီး အားကစားနည်း(၄)မျိုးကို ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ယနေ့မှာတော့ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲဖြစ်ပါကြောင်း၊  မိုးရာသီအားကစားပြိုင်ပွဲကျင်းပပေးရခြင်းမှာ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသားကျောင်းသူများ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုရှိစေရန်၊ အသင်းအဖွဲ့အလိုက်ပါဝင်ဆောင်ရွက်တက်စေရန်၊ ကာယဉာဏအား နှစ်ဖြာပြည့်ဝစေရန်၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ဆက်ဆံတက်စေရန်အတွက် သတ္တအကြိမ်မြောက် မိုးရာသီ အားကစားပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ၂၀၂၃-၂၀၂၄ပညာသင်နှစ် သတ္တမအကြိမ်မြောက် မိုးရာသီအားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းများကို ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက  ဆုများအသီးသီးပေးအပ်ကြောင်း သိရသည်။

အဆိုပါ သတ္တမအကြိမ်မြောက် မိုးရာသီအားကစားပြိုင်ပွဲတွင်   အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲနှင့် အမျိုးသမီးထုတ်ဆီးထိုးပြိုင်ပွဲများကို သြဂုတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း ကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)