ပုသိမ်ကြီး ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးကျေးရွာအုပ်စု၊ ဆင်ရွာတောကျေးရွာရှိ မဏိရတနာရာမတောရ ဘုန်းတော်ကြီး သင်ပညာရေးမူလွန်ကျောင်း၌ မုန့်ရောင်းပွဲတော်ကျင်းပခြင်းကို ယနေ့နံနက် ၇ နာရီကစတင်၍ မြန်မာမုန့်အမျိုးမျိုးတို့ကို သန့်ရှင်းစွာပြုလုပ်၍ မုန့်ရောင်းပွဲတော် ကျင်းပလျက်ရှိသည်။
အဆိုပါ မုန့်ရောင်းပွဲတော်အား ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တရာဇိန္ဒမှဦးဆောင်၍ ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌဦးဝင်းအောင်ဦးစီးကာ “မြန်မာမုန့်ဈေးရောင်း ပွဲတော်ကို ရည်ရွယ်ချက်(၅)ခုဖြင့် ဆောင်ရွက်ခဲ့ပါတယ်။ ဒီဘုန်းတော်သင် ကျောင်းက ကျောင်းသားကျောင်းသူတွေ မြန်မာအစားအစာ မြန်မာမုန့်များ ကွယ်ပျောက်မသွားစေရန်နှင့် မြန်မာမုန့်များ ကိုယ်တိုင်ပြုလုပ်တတ်စေရန်၊ ကျောင်းသားကျောင်းသူတွေ အာဟာရပြည့်ဝစေရန်၊ ဈေးရောင်းဈေးဝယ်တတ်စေရန်၊ လူမှုပေါင်းသင်းတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦးပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်ပြီး မုန့်ရောင်းပွဲတော် ပြုလုပ်ခြင်းဖြစ်ကြောင်း” ဦးဝင်းအောင်က ပြောသည်။
ဈေးရောင်းပွဲတော်တွင် ကျောင်းသားတစ်ဦးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချသည့် မုန့်အမျိုးမျိုးကို စိတ်ကြိုက်စားသုံးနိုင်ကြောင်း၊ ပြုလုပ်ရောင်းချသည့် မြန်မာမုန့်များမှာ မုန့်ဟင်းခါး၊ မုန့်ဦးနှောက်၊ ကြိတ်မုန့်၊ မုန့်ပဲဆုတ်၊ ငှက်ပျောပေါင်း၊ ကောက်ညှင်းပေါင်း၊ သီးစုံအချဥ်ပေါင်း၊ အကြော်စုံ၊ ကောက်ညှင်းထုပ်၊ ဆန်ခေါက်ဆွဲတို့ပင်ဖြစ်သည်။ မုန့်ရောင်းပွဲတော်သို့ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဒေသခံကျေးရွာနေသူများ၊ ဖိတ်ကြားထားသူများ လာရောက်ကာ စည်ကားလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်