လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏ ၉၅၁ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ်လောင်းလှူ

ညောင်ဦး ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ရှိ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏ ၉၅၁ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့ ဝါခေါင်လဆန်း(၈)ရက်နေ့တွင် လောကနန္ဒာဘုရားကြီးရင်ပြင်တော်ပေါ် နံနက် ၉ နာရီအချိန်က ဆွမ်းသပိတ်လောင်းလှူခြင်းဖြင့်ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့စွယ်တော်လေးဆူတွင် တစ်ဆူအပါအဝင်ဖြစ်သော လောကနန္ဒာစွယ်တော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို စေတီတော်ရင်ပြင်ရှိ အာရုံခံတန်ဆောင်းတော်ကြီး၌ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကာ ညောင်ဦးမြို့နယ် ဩဝါဒါစရိယမဟာဝိသုတာရာမတိုက်သစ် ဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသီရိအရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ လောကနန္ဒာစွယ်တော်မြတ်စေတီဂေါပကဥက္ကဋ္ဌအဖွဲ့နှင့် ဗုဒ္ဓပူဇနိယပွဲတော်လာဧည့်ပရိတ်သတ်တို့မှ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသီရိအရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှအတန်းပေးဝေကြသည်။ ဆက်လက်၍ ပင့်သံဃာ ၁၇၀ တို့အား လောကနန္ဒာဘုရားစွယ်တော်မြတ်စေတီ ရင်ပြင်တော်ပေါ်၌ ဆွမ်းသပိတ်လုံးများလောင်းလှူခဲ့ကြကြောင်း သိရသည်။

လောကနန္ဒာစွယ်တော်မြတ်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက်ကျင်းပလျက်ရှိရာ မြန်မာပြည်အရပ်ရပ်မှကုသိုလ်ရှင်များ၊ ဘုရားဖူးလာရောက်သူများဖြင့် စည်းကားလျက်ရှိရာ ဧရာဝတီမြစ်လယ်ကျွန်းကျေးရွာများမှ လောင်းလှေများဖြင့် လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးအား ဦးတိုက်ပူဇော်ခြင်း၊ ခေတ်အဆက်ဆက် လောင်းလှေပြိုင်ပွဲများထည့်သွင်းကျင်းပခဲ့သည့် ပြယုတ်များကို အလှပြပြသခြင်းများနှင့် အခြားမြို့များမှ ဆယ်နှစ်ပွဲဈေးသည်များဖြင့်စည်းကားလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း