ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောက်ဆည် ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသေးစားစက်မှုလက်မှုလုပ်ငန်းများထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာ‌ပေးဟောပြောပွဲကို ခရိုင်ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အသိပညာပေးဟောပြောရာတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန် အသက်မွေးဝမ်းကျောင်း ပညာများလေ့ကျင့်သင်ကြားပေးရာတွင် တက်ရောက်သင်ကြားရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်း၏အကျိုးကျေးဇူးများနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းအဆင့်ဆင့်ကိုလည်းကောင်း ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး‌ဒေါ်ရီရီသန့်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများဖွင့်လှစ်ပေးနေမှုအခြေအနေများ၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ကျောက်ဆည်မြို့နယ် အင်တိုင်းစံပြကျေးရွာတွင် အမျိုးသမီးများဝင်ငွေတိုးရေးစီမံကိန်း အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ပေးနေမှု အခြေအနေများ အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်ပြီးတက်ရောက်လာသောရပ်ကွက်/ကျေးရွာများမှပြည်သူများအား အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင်တင်ထွေး