လားရှိုးတွင် ခရိုင်အဆင့်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်

လားရှိုး ဩဂုတ် ၂၄

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်အဆင့်မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားရာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီအလိုက်ဖွဲ့စည်းပြီး ဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ၊ အဆင့်မြှင့်ပညာ ၊ တက္ကသိုလ် /ဒီဂရီကောလိပ်များမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့်ယခင်နှစ်များကထက် အောင်မြင်မှုများရရှိနိုင်ရေး ၊ ခရိုင် ၊ မြို့နယ်ကိုယ်စားပြု ရွက်ပုန်းသီးအနုပညာရှင်လေးများကို ရွေးချယ်ဖော်ထုတ်၍ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်စေရေး ဆွေးနွေးသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်ဂီတအစည်းအရုံးမှ တာဝန်ရှိသူများနှင့် အစည်းအဝေးသို့တက်ရောက်လာကြသူများက ပြိုင်ပွဲနှင့်ပတ်သက်သည့် ကြိုတင်ပြင်ဆင်ထားရမည့် လုပ်ငန်းတာဝန်များ၊ လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)