မော်လမြိုင် ဩဂုတ် ၂၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ (၂၄)ကြိမ်မြောက် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုကတိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဦးတည်ချက်နှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာရှိ ဝါသနာရှင်ပြည်သူများ ပါဝင်ယှဉ်ပြိုင်ကြဖို့ ဖိတ်ခေါ်ပါကြောင်း အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ရွက်ပုန်းသီး ဝါသနာရှင်၊ ပညာရှင်များကို ရှာဖွေရွေးချယ်မွေးထုတ်ပြီး ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်က ယခင်နှစ်ကျင်းပခဲ့မှုအပေါ် အားနည်းချက်များကို အဖြေရှာ၍ ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များအားလုံးက ယခုနှစ်ပြိုင်ပွဲကြီးကို အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားပြီး အစည်းအဝေး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသည့် ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများအလိုက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော လုပ်ငန်းစဉ်များနှင့် ပြိုင်ပွဲအမျိုးအစားစုံလင်စွာ ထည့်သွင်းကျင်းပနိုင်ရေး ရှင်းလင်းတင်ပြမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)