ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း ဗန်းမော်ခရိုင်အတွင်းရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များ တွေ့ဆုံ

ဗန်းမော် သြဂုတ် ၂၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရေးအထူးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပြည်ပပို့ကုန် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အဓိကထား ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းသည် သြဂုတ် ၂၃ ရက် မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရေးအထူး အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်ကြရေး၊ ဒေသတွင်း စားသုံးဆီဖူလုံရေးနှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည့် လယ်ယာထွက်ကုန်များကို အဓိကထား စိုက်ပျိုးထုတ်လုပ်ကြရန်နှင့် သွင်းကုန်/ ပို့ကုန်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်၊ အခများအပြည့်အဝရရှိရေး၊ လျော့နည်းဆုံးရှုံးမှုမဖြစ်ပေါ်စေရေး မိမိတို့အနေဖြင့် အမိန့်ညွှန်ကြားချက်များအပေါ် တိတိကျကျအလေးထားလိုက်နာဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ကာကွယ်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/ မြို့နယ်တရားမဝင်ကုန်သွယ်မှုများတားဆီးအရေးယူနိုင်ရေး အထူးအဖွဲ့ဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများက ဗန်းမော်ခရိုင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်