ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြိုလေ့ကျင့်ရေးသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် သြဂုတ် ၂၄

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြို လေ့ကျင့်ရေး သင်တန်း(၁/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန သင်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်က ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန်စသည့် အဓိကလုပ်ငန်းတာဝန်ကြီးသုံးရပ်ကို ခေတ်မီသစ်လွင်သောအစီအစဉ်များဖြင့် ပြုပြင်ပြောင်းလဲဆောင်ရွက်နေကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စတင်တာဝန်ထမ်းဆောင်ကြမည့် ဒုတိယဦးစီးမှူးများအား ဦးစီးဌာန၏ မူဝါဒနှင့်အခန်းကဏ္ဍ၊ ရည်မှန်းချက်တာဝန်များ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာကျင့်သုံးမည့် ဥပဒေ၊ နည်းဥပဒေများ၊ ကျင့်ဝတ်များနှင့် ဒုတိယဦးစီးမှူးများ၏ လုပ်ငန်းတာဝန်များကို သိရှိလိုက်နာပြီးဌာန၏ လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် သင်ကြားပေးခဲ့ပြီဖြစ်ကြောင်း၊ သင်တန်းတွင် လုပ်ငန်းဆိုင်ရာဘာသာရပ်များကို စတင်သင်ကြားရခြင်းဖြစ်သော်လည်း လက်တွေ့လုပ်ငန်းတွင် အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းဘာသာရပ်များဖြစ်၍ ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ယူပြီး မိမိတို၏ တစ်ဦးချင်းစွမ်းဆောင်ရည်များ တိုးတက်လာစေရေးအတွက် လုပ်ငန်းတာဝန်များ ထမ်းဆောင်မှုနှင့်အတူ စဉ်ဆက်မပြတ် လေ့လာကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်းတွင် သင်ကြားပေးသည့် ဘာသာရပ်များသာမက ပိုမိုကောင်းမွန်သည့် တီထွင်ဆန်းသစ်မှုများကိုလည်း အမြဲလေ့လာသင်ယူ၍ လက်တွေ့လုပ်ငန်းများတွင် အကျိုးရှိရှိပြန်လည်အသုံးချပြီး ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့၏ ရည်မှန်းချက်တာဝန်များ အောင်မြင်စေရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးဦးရဲတင့်က သင်တန်းတွင် ထူးချွန်ဆုများရရှိခဲ့ကြသည့် ပထမဆုရရှိသည့် စီမံခန့်ခွဲရေးဌာနခွဲ ဝယ်ယူရေးနှင့်အထွေထွေဌာနစုမှ ဒုတိယဦးစီးမှူး ဦးပိုင်ငြိမ်းစိုး၊ ဒုတိယဆုရရှိသည့် ရေဖြူမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဦးဝေယံထွန်း၊ တတိယဆုရရှိသည့် သုတေသနနှင့်သတင်းအချက် အလက်ဌာနခွဲမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းသိင်္ဂီထွန်းတို့အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပေးပြီး သင်းတန်းဆင်းလက်မှတ်များကို သင်တန်းသားများကိုယ်စား သင်တန်းသားခေါင်းဆောင်အား ပေးအပ်သည်။

ယခု လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်းကို သင်တန်းသား သင်တန်းသူ ၃၁ ဦး တက်ရောက်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းနည်းပြများက ဦးစီးဌာန၏ မူဝါဒနှင့်အခန်းကဏ္ဍ၊ ရည်မှန်းချက်တာဝန်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းလက်စွဲ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ငွေစာရင်း ထိန်းသိမ်းနည်း၊ စာကြည့်တိုက်လုပ်ငန်းများ စီမံခန့်ခွဲရေး၊ Digital Library Management System (DLMS) အသုံးပြုနည်း၊ သတင်းအမှန်များကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရေး လျင်မြန်စွာ ထုတ်ပြန်နိုင်စေရန်နှင့် မီဒီယာကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် သတင်းအပြန်အလှန်စီးဆင်းရေး၊ မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု(MIL)၊ လူမှုမီဒီယာ(Social Media) သိကောင်းစရာများ၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေနှင့်ပြည်သူ့ဆက်ဆံရေး ဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပိုချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)