ဒဂုံဆိပ်ကမ်း သြဂုတ် ၂၄
နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၁၀:၀၀)နာရီက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး(တာဝန်ခံ)ကျောင်းအုပ်ကြီး ဦးဇော်မျိုးထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူက လူငယ်တွေအနေဖြင့် ရရှိပြီးသား အသိပညာဗဟုသုတတွေထက် ပိုမိုရရှိစေရန်၊ ရရှိပြီးသား အသိပညာ ဗဟုသုတတွေကို ပြန်လည်မျှဝေပေးစေခြင်း၊ ပရိတ်သတ်ရှေ့မှာထွက်ပြီး ပြောရဲဆိုရဲအောင်နှင့် စကားပြောအတတ်ပညာ ကျွမ်းကျင်လာစေခြင်း၊ လူငယ်အချင်းချင်း ရင်းနှီးမှုတွေရရှိပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းတွေ ရရှိခြင်းနှင့် ဗလငါးတန်ပြည့်ဝသည့် လူငယ်၊ လူရွယ်တွေ ပေါ်ထွက်လာစေခြင်းစသည့် ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်နွယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမဒေါ်အေးအေးရီတို့က ဆောင်ရွက်ခဲ့ပြီး Grade-11မှ မသုနန္ဒီဇင်က “လူငယ်နှင့်စာပေ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်ဝင်းယုထွေးကိုကိုက “လူငယ်နှင့်အားကစား” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မအိအိကျော်က “လူငယ်နှင့်စာရိတ္တ” ခေါင်းစဥ်ဖြင့် လည်းကောင်း၊ မောင်သန့်ဇင်အောင်က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကောင်းပိုင်ခန့်က “လူငယ်နှင့်ယဥ်ကျေးမှု” ခေါင်းစဥ်ဖြင့် လည်းကောင်း၊ မောင်ထက်အောင်က “လူငယ်နှင့်နည်းပညာ” ခေါင်းစဥ်များဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို ခေါင်းစဉ်အလိုက် မေးမြန်းဆွေးနွေးခဲ့ကာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ၏