မလှိုင်မြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု   အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မလှိုင် သြဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မလှိုင်မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုနှစ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့်   ပညာရေးဌာနမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊ ယခင်နှစ်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဗဟိုအဆင့်ပြိုင်ပွဲအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် ဗဟိုအဆင့်၌ ရွှေတံဆိပ်ဆုရရှိအောင် မျှော်မှန်းထားပါကြောင်း၊ ဆရာ/ဆရာမအနေဖြင့် ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း၊ ယခင်နှစ်က ပြိုင်ပွဲအတွေ့အကြုံရှိပြီး လူဟောင်းများအားလုံးပါဝင်စေ၍  ကျောင်းသား/သူ လူသစ်တန်းများပါဝင်နိုင်ရေးကိုလည်း ဆရာ/ဆရာမများ အလေးထားဆောင်ရွက်သွားကြရန်နှင့် ပြိုင်ပွဲနှင့်ပတ်သက်၍ လိုအပ်သည့်အခက်အခဲများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းဇော်က ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် ယခင်နှစ်က အတွေ့အကြုံအခက်အခဲများကို နမူနာယူ၍ ယခုနှစ်တွင် ထိုက်ထိုက်တန်တန်ဆုများရရှိအောင် ကြိုးစားကြရန်နှင့် လိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြောကြားခဲ့သည့်အတိုင်း ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့ပြီး  ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲမြင့်က  ပြိုင်ပွဲရက်မတိုင်မီ ပညာရေးဌာနမှ ကြိုတင်ဆောင်ရွက်မည့်အစီအမံများကို  ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသော အ.ထ.က၊ အ.လ.က၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်ပညာရေးမှူးများနှင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဝင်များ ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ စုစုပေါင်းအင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)