ဒလမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌  မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ကျပန်းစကား ပြောပြိုင်ပွဲကျင်းပ

ဒလ သြဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူလူငယ်၊ လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့်ဗလ ငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့မ(၄)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကို စတင်ခဲ့ရာ မြို့နယ်အဆင့် ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က မူးယစ်ရန်စွယ် တို့ကာကွယ်၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ စာပေမြင့်မှ လူမျိုးတင့်မည်၊ အစဥ်ရှေးရှု မြန်မာ့ယဥ်ကျေးမှု၊ အားကစားဖြင့် နိုင်ငံ့ ဂုဏ်ကိုမြှင့်တင်စို့၊ လူငယ်နှင့်ရည်မှန်းချက်စသည့် ခေါင်းစဥ်(၆)ခုကို မဲနှိုက်ပြီး ကိုယ်ကျရာခေါင်းစဥ်ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၂)ဦးရွှေလှိုင်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သီတာဝင်း၊ မြို့နယ်စာကြည့်တိုက်ဥက္ကဋ္ဌ ဦးသန်းဝင်း၊ မြို့နယ်ဘောလုံးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုနိုင်နှင့် မြို့နယ်စာကြည့်တိုက်အဖွဲ့ဝင် ဒေါ်လှလှရီတို့က ဆုရွေးချယ်ရေးဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် မူးယစ်ရန်စွယ်တို့ကာကွယ်ခေါင်းစဥ်ဖြင့် ပထမဆုကို အ.ထ.က(ပျော်ဘွယ်ကြီး) Grade(10)မှ မမေဖူးစံ၊ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ခေါင်းစဥ်ဖြင့် ဒုတိယဆုကို အ.ထ.က(ရခိုင်ချောင်) Grade (10)မှ မအေးချမ်းမော်၊ "စာပေမြင့်မှလူမျိုးတင့်မည်" ခေါင်းစဥ်ဖြင့် တတိယဆုကို အ.ထ.က(၂) Grade(12)မှ မသင်းသင်းထွေးနှင့် အထူးဆုရရှိသူများအား ဂုဏ်ပြုဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှပိုမိုနှင့် တာဝန်ရှိသူများက အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ကျပန်းစကားပြောပြိုင်ပွဲသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊  ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၂၀)ဦး တက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ရသစာအုပ်များကို တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကား၀ိုင်းများ၊ ကျပန်းစကားပြောပြိုင်ပွဲများကို အခြေခံပညာ ကျောင်းများ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းနှင် ဓာတ်ပုံ-မြင့်ဇော်