ကျောက်တန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကျောက်တန်း သြဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌  လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန်းထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော  ကျပန်းစကားပြောပြိုင်ပွဲကို ဩဂုတ် ၂၂ ရက်နေ့နံနက် ၁၀နာရီတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မှော်ဝန်းရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် ကျောက်တန်း​မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်း​​ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာမှ ကျေးဇူးတင်အမှာစကားအား ပြောကြားကာ ရန်ကုန်တိုင်း​​ဒေသကြီး စာရေးဆရာအသင်းအမှုဆောင် ဦးထွန်ရင်မှ ကျပန်းစကားပြောပြိုင်နဲ့ပတ်သက်၍ အမှတ်ပေးစည်းမျဥ်းများကို ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/ကျောင်းသူ(၆)ဦးတို့က မူးယစ်ရန်စွယ်တို့ကာကွယ်၊ ယနေ့လူငယ်နောင်ဝယ်လူကြီး၊ အစဥ်ရှေ့ရှူမြန်မာ့ယဥ်ကျေးမှု၊ ကျန်းမာခြင်းသည့်လာဘ်တစ်ပါး၊ စာပေမြှင့်မှလူမျိုးတင့်မည်၊ အားကစားဖြင့်နိုင်ငံဂုဏ်ရည်မြှင့်တင်စို့၊ စသည့်ခေါင်းစဥ်ပါအကြောင်းအရာများဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆု ရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမို၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းနှင့် တာဝန်ရှိများက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်၍ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်ကျင်းပြသထားသော ဓာတ်ပုံ၊ နံရံကပ်စာစောင်စာအုပ်ပြပွဲအား ကြည့်ရှု့ခဲ့ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ကျောက်တန်း(ပြန်/ဆက်)