ဖားကန့် ဩဂုတ် ၂၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက်ဟောင်းရေကန် သဘာဝဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီကစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အန္တရာယ်ဖြစ်ပေါ်လာနိုင်သည့် ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်းရေကန်တွင် Siphon နည်းဖြင့် ရေဝိတ်လျှော့ချနိုင်ရန် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို ကျေးရွာအဆင့်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီမှ လုံးခင်း၊ ဖားကန့်တူးဖော်ရေးဌာနက စီမံဆောင်ရွက်ပေးသည့် ကျောက်မျက်ကုမ္ပဏီ(၄)ခု၏ ယာဉ်/ယန္တရား(၄)စီးဖြင့် ရေနုတ်မြောင်း အကျယ် (၁၀)ပေ၊ အနက်(၅)ပေ တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ အရှည်ပေ(၆၀၀)ခန့်ပြီးစီးခဲ့၍ ရေနုတ်မြောင်းတူးဖော်ခြင်းစုစုပေါင်းအရှည်ပေ(၉၀၀)ခန့်ပြီးစီးပြီဖြစ်ကြောင်း၊ ရေဝိတ်လျှော့ချရာတွင် အသုံးပြုမည့် အရှည်ပေ(၂၀)ခန့်ရှိ ပိုက်(၄၅)ချောင်းဖြင့် ပိုက်ဆက်ခြင်းပြုလုပ်ခဲ့ရာ အရှည်ပေ(၄၀)ခန့်(၁)ချောင်းနှင့် အရှည်ပေ(၆၀)ခန့်(၂)ချောင်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် မော်ဝမ်းကြီးကျေးရွာအပိုင်း(၁)၊ ဘလခနှင့်တောင်ပြို ကျေးရွာအပိုင်း(၂)၊ မော်ဝမ်းလေးကျေးရွာအပိုင်း(၃) နေရာများတွင် အန္တရာယ်သတိပေးဆိုင်းဘုတ်များ စိုက်ထူထားရှိခဲ့ကြောင်း၊ ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်းရေကန်နှင့်နီးစပ်သည့် လူနေမိုးကာတဲများ၊ ဈေးဆိုင်တဲများအား ပြောင်းရွှေ့နေထိုင်စေခြင်း၊ တရားမဝင်ရေမဆေးကျောက်ရှာဖွေတူးဖော်ခြင်း၊ ရေပန်းထိုးမျောတိုက်၍ ကျောက်ရှာဖွေခြင်းများ မပြုလုပ်စေရေးတို့ကို မှော်ဝမ်းရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများမှ အသိပေးခံဝန်လက်မှတ်ရေးထိုး မှတ်တမ်းရယူခြင်းများ ဆောင်ရွက်ထားရှိခဲ့ကြောင်း သိရသည်။
ယင်းကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက်ဟောင်းရေကန်သည် ဖားကန့်မြို့နယ်၊ မော်ဝမ်းကြီးမှော်တွင်တည်ရှိပြီး အဆိုပါကျင်းဟောင်းရေကန်တွင် ဒိုင်ကျန်များပြိုကျ၍ ရေပေါက်ကျမှုဖြစ်ပေါ်လာပါက အသက်အိုးအိမ်ဆုံးရှုံးမှု လူသေဆုံးထိခိုက်မှုများရှိလာနိုင်သောကြောင့် ၎င်းနေရာများတွင် နေထိုင်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ကြီးကြပ်ရေးကော်မတီဝင်များနှင့် ကျေးရွာအဆင့်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီများမှ အသိပေးဆောင်ရွက်ထားခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းအစည်းအဝေးကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်အဆင့်ကြီးကြပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ကြီးကြပ်ရေးကော်မတီဝင်များနှင့် ကျေးရွာအဆင့်လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဝင်များပူးပေါင်း၍ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး မွန်းလွဲ(၁)နာရီတွင် မြေပြင်ကွင်းမှုများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)