ညောင်ဦး ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု အလယ်တောတဲတိုက်သို့ ဝေမျှခြင်း ပရဟိတမိသားစုမှ အလယ်တောတဲတိုက်သူ/သားများ သောက်သုံးရေသို လှောင်ပြီး ရေသုံးစွဲမှုအဆင်ပြေစေရန် ယမန်နေ့ နံနက်ပိုင်းအချိန်က ရေဂါလံ (၅၀၀၀) ဆံ့ ရေလှောင်အုတ်ကန် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်သည် မိုးခေါင်ရပ်ဝန်း အပူပိုင်းဒေသတွင်ပါဝင်ပြီး ဆောင်းဦးပေါက် ရာသီမှစတင်ပြီး သောက်သုံးရေခက်ခဲသည့် ကျေးရွာများပြားပြီး မြေသားမိုးရေလှောင် ကန်များ၊ မိုးရွာသွန်းချိန် အိမ်သွပ်မိတ်မှရေတလျောက်များ ပြုလုပ်ရေစုပြီး ရေစည်ပိုင်း၊ ရေအုတ်ကန်ငယ်၊ စဉ့်အိုးအကြီး၊အသေးများ၊ ပိုများအတွင်း ပလတ်စတစ်ခံကာ မိုးရေသိုလှောင်ပြီး ရေးရှားပါးချိန် သုံးစွဲကြရကြောင်း၊ ထန်တောင်သူအများအပြား ထန်းလျက်ကျိုချက်ချိန် ရွာတွင်းမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယာတော၊ ထန်းတောထဲ ပြောင်းရွေ့ထန်းလျက်ကျိုချက်ရာမှ ရွာအတွင်းသို့ပြန်လည် ပြောင်းရွေ့ခြင်းမရှိတော့ပဲ ရေကြည်ရာ၊ မြက်နုရာနေထိုင်လာခဲ့ရာမှ အိမ်ခြေများလာပြီး တဲတိုက်များ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ သောက်သုံးရေအတွက် မြေသားရေလှောင်ကန်များ ဆယ်ယူသုံးစွဲခဲ့ကြပြီး မိုးရွာသွန်းမှုများသည့် နှစ်များတွင် မြေသားရေလှောင်ကန်များ ရေဝင်ကာ ရေအတွက် အခက်အခဲသိပ်မရှိကြပဲ၊ မိုးရွာသွန်းမှုနည်းသည့်နှစ်များတွင် သောက်သုံးရေခက်ခဲမှုကြုံတွေ့နေရသည့် နှစ်များရှိခဲ့ကြောင်း ဒေသခံတောင်သူများက ရှင်းပြ၍သိရသည်။ ညောင်ဦး မြို့နယ်တွင် သောက်သုံးရေရှားပါးသည့် ကျေးရွာများ၊ တဲတိုက်များအား ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတအဖွဲ့မှ ရေဂါလံ (၅၀၀၀) ဆံ့ ရေအုတ်ကန်များ လှူဒါန်းပေးခြင်း၊ တစ်ဦးချင်း အလှူရှင်များ လှူဒါန်းလိုသည့် ရေအုတ်ကန်များကိုလည်း တဆင့်လှူဒါန်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး၊ ယခုလှူဒါန်းသည့် ရေသိုလှောင်အုတ်ကန်ကို နှစ်ဘက်သော မိဘများရည်စူးကာ ဦးဉာဏ်ဝင်း၊ ဒေါ်သီတာသိမ်း မိသားစုမှ လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ဒီပါလင်း