နမ့်စန်မြို့ အ.ထ.က (မြို့မ) ကျောင်းတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

နမ့်စန်(တ) ဩဂုတ် ၂၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန် မြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိအခြေခံပညာအထက်တန်းကျောင်း (မြို့မ) တွင် ယမန်နေ့ နံနက် ၉ နာရီ က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အ.ထ.က (မြို့မ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အ.ထ.က (မြို့မ) မှ ကျောင်းသားကျောင်းသူ (၆) ဦးက ‘လူငယ်နှင့် နည်းပညာ’၊ ‘လူငယ်နှင့်အားကစား’နှင့် ‘လူငယ်နှင့်ကျန်းမာရေး’ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြား ခဲ့သည်။

ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက လိုအပ် သည်များဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကို နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံသူနာပြုဆရာမ ဒေါ်နန်းခမ်းထွန်းတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကို၊ တာဝန်ခံသူနာပြုဆရာမ ဒေါ်နန်းခမ်းထွန်း၊ အ.ထ.က (မြို့မ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲအပြီးတွင် ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားကျောင်းသူများကို အသိပညာပေးနံရံကပ်စာစောင်များပြသပေးခဲ့ကြောင်းသိရသည်။

သူရအောင် (ပြန်/ဆက်)