မိုင်းယောင်းမြို့နယ် ဘုန်းတော်ကြီးကျောင်းများတွင် ဝါတွင်းကာလဆွမ်းကိစ္စများ အဆင်ပြေစေရန် ဆွမ်းဆန်စိမ်းများ လှူဒါန်း

မိုင်းယောင်း ဩဂုတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်း၌ ယမန်နေ့ညနေ ၃ နာရီက ဆွမ်း၊ ဆန်၊ ဆီများ လှူဒါန်းပွဲအခမ်းအနားကို ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်းဆရာတော် ဘဒ္ဒန္တဇဋိလထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့်ဇနီး ဒေါ်အေးအေးနွယ်တို့က ဆွမ်း၊ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အခမ်းအနားတက်ရောက်လာသူများက ဆွမ်း၊ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၏ စီမံမှုဖြင့် ခရိုင်၊ မြို့မိမြို့ဖများ၊ မြို့နယ်ဂေါပကအဖွဲ့များမှ ဦးဆောင်ပြီး ဝါတွင်းကာလဒါနအဖြစ် ဆွမ်း၊ ဆန်၊ ဆီများကို မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)