မြောက်ဥက္ကလာပမြို့နယ် အ.မ.က (၄၃) ကျောင်းတွင် စာကြည့်တိုက် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

မြောက်ဥက္ကလာပ ဩဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ပြသခြင်းကို ဩဂုတ်လ (၂၂) ရက်နေ့ နံနက် (၁၁) နာရီခွဲက အ.မ.က (၄၃) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အ.မ.က (၄၃) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးအေးပြုံးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မြမြဝင်းက စာကြည့်တိုက်ဆိုင်ရာ အကြောင်းအရာများ၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်း အပြင်ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး အကြောင်းအရာများ၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမား အသက်အရွယ်နှင့်ပတ်သက်ပြီး ရပိုင်ခွင့်များနှင့် ပြဌာန်းထားရှိသည့် ဥပဒေများ စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်/ဆက်ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား  ကလေးအလုပ်သမား အသိပညာပေး နံရံကပ်စာစောင်၊ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး၊ အမျိုးသမီးအကြမ်းဖက်မှုနှင့် မှုခင်းကာကွယ်ရေးအတွက် အမျိုးသမီးများ  သိထားသင့်သည့် အချက်များ၊ လူကုန်ကူးမှု အသိပညာပေး လက်ကမ်းစာစောင်များနှင့် စာအုပ်စာစောင်များကို ပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)