ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ ဝက်သား၊ အမဲသားများအား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ကျောက်ဆည် ဩဂုတ်  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ကုန်ဈေးနှုန်းများကျဆင်းရေး၊ ရေတိုစီမံချက်အနေဖြင့် အခြေခံစားသောက်ကုန်များရောင်းချသည့် ကုန်စည်ဒိုင်များ၊ ဆန်အရောင်းဆိုင်များ၊ ပွဲစားများနှင့် ကုန်ပစ္စည်းသိုလှောင်ရောင်းချမှုကို ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့နံနက်(၇)နာရီက အေးမြကြည်လင်ဈေးတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ ဝက်သား၊ အမဲသားများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ပြင်ပပေါက်ဈေး ဆန်တစ်ပြည် (၃၅၀၀)ကျပ်အစား (၃၀၀၀)ကျပ်ဖြင့် ပြည်သူ တစ်ဦးအား ဆန်(၂)ပြည်နှုန်းဖြင့် ဆန်(၅၀)အိတ်၊ ပြင်ပပေါက်ဈေး စားသုံးဆီတစ်ပိဿာ(၁၀,၀၀၀)ကျပ်အစား (၄၈၀၀)ကျပ်ဖြင့် ပြည်သူတစ်ဦးအား ဆီ(၅၀)ကျပ်သားနှုန်းဖြင့် (၂၂၀)ပိဿာ၊ ပြင်ပပေါက်ဈေး ကြက်ဥတစ်လုံး (၃၀၀)ကျပ်အစား (၂၀၀)ကျပ်ဖြင့် ပြည်သူတစ်ဦးအား ကြက်ဥ(၅)လုံးနှုန်းဖြင့် ကြက်ဥအလုံး(၂၀၀၀)၊ ပြင်ပပေါက်ဈေး ဝက်သားတစ်ပိဿာ(၁၉,၀၀၀)ကျပ်အစား (၁၅,၀၀၀)ကျပ်ဖြင့် ပြည်သူတစ်ဦးအား (၅၀)ကျပ်သားနှုန်းဖြင့် (၁၅၀)ပိဿာ၊ ပြင်ပပေါက်ဈေး အမဲသားတစ်ပိဿာ(၁၆,၀၀၀)ကျပ်အစား (၁၂,၀၀၀)ကျပ်ဖြင့် ပြည်သူ တစ်ဦးအား(၅၀)ကျပ်သားနှုန်းဖြင့် (၁၅၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းကျဆင်းရေး ဆန်၊ ဆီ၊ ကြက်ဥ၊ ဝက်သား၊ အမဲသား ရောင်းချခြင်းများကို စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်ပိုင်ရှင်များနှင့် ဆန်ကုန်သည်ကြီးများ၊ ဥစားကြက်မွေးမြူးရေးလုပ်ငန်းရှင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ သား/ငါးလေလံလုပ်ငန်း ခွင့်ပြုချက်ရရှိထားသည့် လုပ်ငန်းရှင်များ ပူးပေါင်းပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)