မိုင်းယု ဩဂုတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ရှိ မြို့ပေါ်နှင့် ကျေးရွာများတွင် ရှမ်းရိုးရာဓလေ့ ဝေဿန္တရာဇာတ်တော်ခင်းပွဲ (တန်းဌာန်း)ပွဲတော်ကို ဩဂုတ် ၂၁ ရက်နေ့မှ ယနေ့ထိက အဆိုပါမြို့ပေါ်နှင့်ကျေးရွာများရှိ ဘုန်းကြီးကျောင်းများ၌ပွဲတော်ကို ကျင်းပပြုလုပ်နေလျက်ရှိသည်။
မိုင်းယုမြို့ဒေသတွင်းရှိ ဒေသခံ ရှမ်းတိုင်းရင်းသားတို့သည်တစ်နှစ်တာအတွင်း သေဆုံးသူ မိဘဘိုးဘွားများအား ရည်မှန်း၍ နောင်ဘဝတွင် ပြည့်စုံကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် ဝေဿန္တရာဇာတ်တော်ခင်းပွဲ (တန်းဌာန်း)ပွဲတော်ကို နှစ်စဉ်ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျဖြင့် ကျင်းပလေ့ရှိကြပြီး ယင်းပွဲတော်ကို ယခင်နှစ်က အလှူပြုသူ(သေဆုံးသူမိသားစုဝင်)များမှ အိမ်တွင်လည်းကောင်း၊ ဘုန်းကြီးကျောင်းတွင်လည်းကောင်းစုပေါင်း၍ အကျွေးအမွေးဖြင့် ဧည့်ခံလှူဒါန်းခြင်း၊ ဘုန်းတော်ကြီးကျောင်း၌ ဝေဿန္တရာပါဠိ တရားတော်များကို ပွဲတော်ပြီးမြောက်သည်အထိ ရွတ်ဖတ်ပူဇော်ခြင်း၊ ဘုရားကျောင်းပုံစံ အိမ်ငယ်များ၊ ဓမ္မရုံပုံစံငယ်များ၊ ဇရပ်ပုံစံငယ်များ၊ အိမ်အသုံးအဆောင် ပစ္စည်းအမျိုးမျိုး၊ ရှမ်းရိုးရာဝတ်စုံ အမျိုးမျိုးတို့ဖြင့် ပြုလုပ်ဆက်ကပ်လှူဒါန်းခြင်း၊ တရားနားကြားသူများမှ လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ပုံးငယ်အတွင်းထည့်ကာ သံဃာတော်အား ဆက်ကပ်လှူဒါန်းပေးခြင်း၊ တရားဘာဝနာ အားထုတ်ခြင်းတို့ဖြင့် ကုသိုလ်ပြုလုပ်ကျင်းပကြကြောင်း သိရသည်။
အဆိုပါ ရိုးရာဓလေ့ ဝေဿန္တရာဇာတ်တော်ခင်းပွဲ (တန်းဌာန်းပွဲတော်)မှာ ဒေသခံရှမ်းတိုင်းရင်းသားတို့၏နှစ်စဉ်တစ်နှစ်တာအတွင်း သေဆုံးသူမိဘဘိုးဘွားများအား ရည်စူးကာ ကုသိုလ်အဖြစ် အလှူပြုပေးရသည့် ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်