တာမွေ ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ပူးပေါင်း၍ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် ဒဂုံလွင်လမ်းရှိ မေတ္တာပုညကာရီဓမ္မာရုံတွင် မြို့နယ်အတွင်းရှိ အသက်ငါးနှစ် အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
“ကျွန်မတို့ရဲ့ ရင်သွေးငယ်လေးတွေ ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းစွာ ကြီးထွားဖွံ့ဖြိုးလာစေဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အခုလိုလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးတာဟာ မြို့နယ်အတွက် အရမ်းကောင်းမွန်တဲ့ အစီအစဉ်တစ်ခုလို့ ပြောချင်ပါတယ်။ ဒါ့အပြင် အခုလို ကွင်းဆင်းပြီးဆောင်ရွက်ပေးတာကြောင့် မြို့နယ်ကျန်းမာရေးဌာနအထိ သွားရောက်စရာမလိုတော့တဲ့အတွက် သွားရေးလာရေးမှာလည်း များစွာအဆင်ပြေပါတယ်” ဟု ကလေးမိဘတစ်ဦးက ပြောသည်။
ထိုသို့ တာမွေမြို့နယ်အတွင်းရှိ အသက်ငါးနှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် မြို့နယ်အတွင်းရှိ အသက်ငါးနှစ်အောက် ကလေးငယ်(၉၁)ဦးအား ဗီတာမင် (အေ)ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်ခြောက်ဦးအား သံဓာတ်အားတိုးဆေးနှင့် ဗီတာမင်(ဘီဝမ်း)ဆေးပြား တိုက်ကျွေးခြင်းအပြင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)