မိုးညှင်း ဩဂုတ် ၂၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင် မြို့နယ်အဆင့်ကလေးအလုပ်သမားပပျောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဦးစီးအရာရှိ ဒေါ်မိုးမိုးထက်ဦးက ကလေးအလုပ်သမားဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်အဆင့် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဖွဲ့ဝင်ဖြစ်သည့် ဒေါ်အေးအေးခိုင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများအကြောင်းကိုလည်းကောင်း၊ ၎င်းကော်မတီတွဲဖက်အတွင်းရေးမှူး ဒေါ်ယုယုလှိုင်က အလုပ်သမားရေးရာဥပဒေများအကြောင်းကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ သိရှိလိုသည်များကို အသီးသီးဆွေးနွေးကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြောကြားပြီး အဆိုပါကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)