၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

တောင်ကြီး သြဂုတ် ၂၄

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက်(၇)နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများက ကွင်းအတွင်း နေရာယူကြပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပြည်နယ်နှင့် တိုင်းဒေသကြီးအသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို မိမိတို့ ရှမ်းပြည်နယ်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ပြိုင်ပွဲကို လာရောက်ယှဥ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပြိုင်ပွဲတွင် အားကစားစိတ်ဓါတ် အပြည့်အဝနှင့် အသန့်ရှင်းဆုံး ပါဝင်ယှဥ်ပြိုင်သွားကြရန် မှာကြားလိုကြောင်း၊ ပြိုင်ပွဲစည်းမျဥ်း၊ စည်းကမ်းများကိုလည်း ​လေးစားလိုက်နာကြပြီး ပြိုင်ပွဲမှတဆင့် နိုင်ငံတော်ကအားထားရမည့် ထူးချွန်သည့် လက်ရွေးစင် အားကစားသမားကောင်း ဖြစ်လာအောင် ကြိုးစားကြရန် ပြောကြားသည်။

ဆက်လက်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ပြိုင်ပွဲအား အမှာစကားပြောကြားပြီး အသက်(၁၉)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်သည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားများ အားကစားသစ္စာ (၄)ချက် ရွတ်ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က ပြိုင်ပွဲ အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး တောင်ကြီးပညာရေး ဒီဂရီကောလိပ် သင်တန်းသား၊ သင်တန်းသူများမှ တေးသရုပ်ဖော်ဖြင့် တင်ဆက်ပြသကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးတို့က ဘင်ခရာတပ်ဖွဲ့နှင့် တိုင်းရင်းသား ယဥ်ကျေးမှု အကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပြီး ပြိုင်ပွဲပထမနေ့ပွဲစဥ်အဖြစ် ရှမ်းပြည်နယ် အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်များက ကြည့်ရှု အားပေးကြကြောင်း သိရသည်။

အဆိုပါ အသက်(၁၉)နှစ်အောက် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၄)သင်းကို အုပ်စုလေးစုခွဲ၍ သြဂုတ်လ(၂၃)ရက်နေ့မှ စက်တင်ဘာ(၄) ရက်နေ့အထိ ယှဥ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများအား ကြိုဆိုမိတ်ဆက်ပွဲကို သြဂုတ်(၂၂)ရက် ည(၆)နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။

ကြိုဆိုမိတ်ဆက်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဝင် အသင်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆောင်းစရိတ် (၁)သင်းလျှင် (၁)ရက် (၁)ဦး (၂၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၁၄)သင်းအတွက် ငွေကျပ်သိန်း(၁၀၀)ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲဝင် အားကစားသမားကိုယ်စား တာဝန်ရှိသူများမှ လက်ခံရယူပြီး ညစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)