ပင်းတယမြို့နယ်၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ပင်းတယ ဩဂုတ် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာအုပ်စု၊ ပွေးလှအခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် “ယနေ့လူငယ်များသည် နိုင်ငံ၏အင်အား၊ နိုင်ငံ၏စွမ်းအား၊ နိုင်ငံအရင်းအမြစ်များ ဖြစ်ကြသောကြောင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက် (၃)ရပ်ထဲမှ ဦးတည်ချက်တစ်ရပ်ဖြစ်တဲ့ “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များ အနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုတဲ့အချက်အတိုင်း ယနေ့လူငယ်များသည်  ဗလငါးတန် ဖြစ်သော ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ တွေနဲ့ပြည်စုံနေဖိုလိုအပ်ပါကြောင်း၊ ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် လူငယ်များ အသိပညာ ဗဟုသုတများစွာ ရရှိ လာမည်ဖြစ်သလို ကျောင်းသား/ ကျောင်းသူများအနေဖြင့်လည်း အစဉ်လေ့လာသင်ယူပြီး အများအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးထမ်းရွက်နိုင်သည့် လူငယ်လူရွယ်များ ဖြစ်လာသည်အထိ ကြိုးစားအားထုတ်ကြပါရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသပညာရေးမှူး ဦးခင်းဇော်ထွန်းက ဝမ်းမြှောက်စကားပြန် လည်ပြောပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲအား ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပွေးလှကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ပျော်ရွှင်မှု၊ လူငယ်နှင့်မျိုးချစ်စိတ်၊ လူငယ်နှင့်ပတ်ဝန်းကျင်၊ လူငယ်နှင့်ကျန်းမာရေး အစရှိသည့် ခေါင်းစဉ်များဖြင့်ပါဝင်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြား‌ပေးခဲ့ကြသည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား/ကျောင်းသူများအား ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)