ဟိုမိန်းမြို့၌ မိုးစပါးများ စတင်ရိတ်သိမ်း

ဟိုမိန်း   အောက်တိုဘာ  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ဟိုမိန်းမြို့အနီးဝန်းကျင်နှင့် ကျေးရွာများတွင် တောင်သူများ စိုက်ပျိုး ထားသော ရွှေရင်အေးမိုးစပါးများ စတင်ရိတ်သိမ်းပြီဖြစ်၍ နေ့စားအလုပ်သမားများ မိသားစုဝင်ငွေ တိုးကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဟိုမိန်းမြို့တွင် တောင်သူအများစုမှာ မိုးရေကိုသာ အဓိကအားထားစိုက်ပျိုးလျက်ရှိပြီး ယခုလို မိုးကောင်းသော နှစ်များတွင် တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းခွင်မှာ အစော စိုက်ပျိုးနိုင်ခဲ့ခြင်းကြောင့် မိမိတို့ စိုက်ပျိုးသီးနှံများကို စောလျင်စွာ ရိတ်သိမ်းရတာ ဖြစ်ကြောင်း ယခုနှစ် စပါးခင်းတွေမှာ သီးနှံဖျက်ပိုးမွှားရောဂါ တွေ ကျရောက်တာလဲ မရှိတဲ့ အတွက် ယခင်နှစ်တွေကထက် အောင်မြင်ဖြစ်ထွန်းပြီး စပါးစိုက်တောင်သူတွေ တော်တော် ရကြမှာ၊ အခုစတင်ရိတ်သိမ်းနေတာက ပန်ဝေါင်ရပ်မှာ စိုက်ပျိုးထားတဲ့ စပါးခင်းများဖြစ်ကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။

“ကျွန်မတို့က ယခုလို ကိုဗစ်ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ လုပ်ငန်းတွေလဲနားတော့ စပါးစိုက်ပျိုးချိန် ပြီးကတည်းက နေ့စားအလုပ်တွေ မလုပ်ရတာကြာပြီ အခုမိုးစပါးတွေ အစော ရိတ်သိမ်းတော့ စပါးရိတ်၊ စပါးပုတ် အလုပ်တွေပြန်လုပ်ရတယ်၊ တစ်နေ့ကို နေ့စားခ တစ်ယောက်ကို ငွေကျပ် ၇၀၀၀ ရတဲ့အတွက် မိသားစုအတွက်  တစ်ဖက်တစ်လမ်းမှ အပို ဝင်ငွေရလို့ အဆင်ပြေပါတယ်” ဟု မိုက်ပုတ်ခမ်းရပ်နေ့ နေ့စား အလုပ်သမားတစ်ဦးက ပြောသည်။

ရဲနောင်(ဟိုမိန်း)