မိုးညှင်းမြို့၌ ပြည်ထောင်စု/ပြည်နယ်ဘတ်ဂျက်လုပ်ငန်း စီမံကိန်းများရေးဆွဲရေး ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

မိုးညှင်း   ဩဂုတ်  ၂၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ပြည်ထောင်စု/ပြည်နယ်ဘတ်ဂျက် လုပ်ငန်းစီမံကိန်းများရေးဆွဲရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက ပြည်ထောင်စု/ပြည်နယ်ဘတ်ဂျက် လုပ်ငန်းစီမံကိန်းများ ရေးဆွဲရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ၎င်းကော်မတီအတွင်းရေးမှူး ဒေါ်တင်ပပဝင်းက ယခုဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ်ဘတ်ဂျက် လုပ်ငန်းစီမံကိန်းများ၏ ပြီးစီးမှု ရာခိုင်နှုန်းအခြေအနေများနှင့် လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများရေးဆွဲနေမှု အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လာမည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် အသီးသီးဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌက အဆိုပါဆွေးနွေးတင်ပြချက်များအပေါ် လုပ်ငန်းများအလျင်အမြန် အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည်များအား တင်ပြဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)