အထက်မင်းလှ ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ဩဂုတ်လ ၁၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ“ တိရစ္ဆာန် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ရက်သတ္တပတ် ” လှုပ်ရှားမှုများအဖြစ် သတ်မှတ်၍ မြို့နယ်အတွင်းရှိ တိရစ္ဆာန်များတွင် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ပွင့်မြတ်နိုးသိမ့်နှင့် ဝန်ထမ်းများက ကျေးရွာအုပ်စု(၄ )အုပ်စုအတွင်းရှိ ကျေးရွာ(၅ )ရွာမှတွင် ကျွဲ/နွားပိုင်ရှင် တောင်သူများအား ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါ၊ ပေါင်ပုပ်၊ လက်ပုပ်ရောဂါ၊ ဒေါင့်သန်းရောဂါ၊ အာဖရိကဝက်အပြင်းဖျားရောဂါများနှင့် စပ်လျဉ်း၍ ပြည်သူလူထု အသိပညာပေး ဟောပြောခြင်းနှင့် ကျွဲ/နွားများအား ပေါင်ပုပ်၊ လက်ပုပ် ကာကွယ်ဆေးထိုးနှံခြင်း၊ ကျွဲ၊နွားများ ထားရှိသည့် နေရာများတွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ၊ကျွဲ၊နွားများအတွက် အရေပြား အနာလိမ်းဆေးဗူးများ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ် လှုပ်ရှားခြင်းများ ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲဝင်များက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)