ကျိုက်မရောမြို့နယ်၌ မိုးစပါး  ၃၂၂၂၉ ဧက စိုက်ပျိုးပြီးစီး

ကျိုက်မရော  သြဂုတ် ၂၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ စားသုံးသူ ပြည်သူများ ဒေသဝမ်းစာစပါးဖူလုံစေရေးနှင့် ပိုလျံစေရေးအတွက် စံပြကွက် တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး တောင်သူများ အနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းတာဝန်ခံများနှင့် ပူးပေါင်းကာ နည်းစနစ်မှန်ကန်စွာဖြင့် မိုးစပါးစိုက်ဧက ၃၂၂၂၉ ကို စိုက်ပျိုးထားပြီးဖြစ်​သည်။

ကျိုက်မရောမြို့နယ်အနေဖြင့် မိုးစပါးဧက (၅၃၇၈၂)  လျာထားခဲ့ပြီး သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ​သြဂုတ်လ ၂၁ ရက်နေ့ တွင်ထိခိုက်ဧရိယာ (၄၇၄၇)ဧက ဖြစ်ပြီး အဆိုပါ ထိခိုက်ဧရိယာများထဲမှ ပျက်စီးဧက ၃၂၉၆ ဧကကို အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါး ဝယ်ယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရပြီး မိုးစပါး စိုက်ပျိုးမှုလျာထားချက်ပြည့်မီ ကျော်လွန်စေရေး မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုး၍ အထွက်နှုန်း တိုးပွားစေရေး စိုက်နည်းစနစ်နှင့် သဘာဝမြေသြဇာ သုံးစွဲမှု နည်းစနစ်မှန်ကန်ရေးအတွက် ဝန်ထမ်းများက ကွင်းဆင်းပြီး တောင်သူဦးကြီးများအား အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၃ ခုနှစ် မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရာသီ  မကျော်လွန်ခင်  အချိန်မီ စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများက အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)