တောင်ကုတ်မြို့နယ်၌ ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများဆောင်ရွက်

တောင်ကုတ်   ဩဂုတ် ၂၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများပိုမိုထိရောက်စေရေး၊ ဂျပန်ဦးနှောက်အမှေးရောင်ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးတို့အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၈)နာရီအချိန် သိမ်တောင်ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုးရာသီကာလတွင် ခြင်ကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ရောဂါနှင့် ဂျပန်ဦးနှောက်အမှေးရောင်ရောဂါ ကြိုတင်ကာကွယ်ရေးတို့အတွက် ပိုးလောက်လန်းများနှင့် ခြင်များအလွယ်တကူပေါက်ပွားနိုင်သည့် ရေအိုင်ရေစပ်များ၊ ရေတွင်းရေကန်များ၊ ကြာရှည်သိုလှောင်ထိန်း သိမ်းထားနိုင်သည့် ရေပုံးများကို အဘိတ်ဆေးခတ်ခြင်း၊ ဘုရားပန်းအိုးများရေလဲလှယ်ရန်အသိပညာပေးခြင်း စသည့်လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးကြီးကြပ်မှုကော်မတီမှ အဖွဲ့များခွဲကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့စုပေါင်းဆောင်ရွက်ရာသို့ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်