နေပြည်တော် ဩဂုတ် ၂၃
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ မတော်တဆထိခိုက်ဒဏ်ရာရ၍ သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုနယ်မြေ လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ လူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်အောင်က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းနှင့် ယခုကဲ့သို့ ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်အောင်က ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Wisara International Co.,Ltd မှ အာမခံ အလုပ်သမား ဦးစိုးထိုက်ဦး၏ နေပြည်တော်မှ သင်တန်းတက်ရောက်နေစဉ် စာတမ်းပြုစုရန်အတွက် ကားဖြင့် ရေဆင်းစိုက်ပျိုးရေးသုတေသန (DAR)ဦးစီးဌာနသို့ သွားရောက်ခဲ့ပြီးအပြန် မတော်တဆ ထိခိုက်ဒဏ်ရာရ၍ သေဆုံးခဲ့မှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုငွေကျပ် ၁၅၀၀၀၀၀၀ (ကျပ် သိန်းတစ်ရာ့ငါးဆယ်တိတိ)ကို မိသားစုဝင်များအား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်အဆင့် မိတ်ဖက်ပေါင်းစပ်အဖွဲ့ဝင်များ၊ အလုပ်ရှင်အလုပ်သမားကိုယ်စားလှယ်များ ရှေ့မှောက်တွင် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)