ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ရင်းနှီးမတည်ပေးခဲ့သော လုပ်ငန်းစီမံကိန်းများမှ ပထမ(၆)လပြည့် အတိုးငွေရရှိမှုအပေါ် ကျေးရွာများတွင် လုပ်ငန်းစီမံကိန်းများ ထပ်မံရင်းနှီးမတည်ပေးနိုင်ရေး ဆွေး‌နွေးဆောင်ရွက်

မြစ်ကြီးနား သြဂုတ် ၂၃

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် သမဝါယမလုပ်ငန်းစီမံကိန်းများတွင် ရင်းနှီးမတည်ပေးခဲ့ရာ အဆိုပါ လုပ်ငန်းစီမံကိန်းများအလိုက် ချေးငွေထုတ်ချေးပေးခဲ့သည့် ကာလအပေါ်မူတည်၍ ပထမ(၆)လအတိုးငွေ ကောက်ခံရရှိမှုအပေါ် ကျေးရွာများတွင် လုပ်ငန်းကဏ္ဍအလိုက် ထပ်မံရင်းနှီးမတည်ပေးနိုင်ရေးအတွက် ယနေ့နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံလုံးကို ထုတ်ချေးပေးထားနိုင်ခဲ့ပြီး ယခုအခါတွင် ပထမ(၆)လပြည့် အတိုး ရငွေများကိုလည်း ကောက်ခံရရှိပြီဖြစ်သောကြောင့် မိမိတို့အနေဖြင့် အတိုးရငွေများမှ လုပ်ငန်း စီမံကိန်းများ ထပ်မံတိုးချဲ့နိုင်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှု တိုးတက်မြန်ဆန်စေ‌ရေး ရငွေများကို ထပ်မံရင်းနှီးမတည်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေက ရန်ပုံငွေကျပ် ၈ ဘီလီယံမှ ရင်းနှီးမတည်ပေးခဲ့သည့် လုပ်ငန်းစီမံကိန်းများ၊ ကာလအလိုက် အတိုးငွေရရှိမှု အခြေအနေများ၊ ထပ်မံရင်းနှီးမတည်ပေးနိုင်ရေး ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ အလေးထား လိုက်နာဆောင်ရွက်ရမည့် အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက စိုက်ပျိုးရေးလုပ်ငန်း၊ သမဝါယမ၊ ဝက်၊ ကြက်နှင့် ငါးမွေးမြူရေးလုပ်ငန်းစီမံကိန်း (၆)ခုတွင် ထပ်မံရင်းနှီး မတည်ပေးနိုင်ရေး ရန်ပုံငွေခွဲဝေလျာထားမှု အခြေအနေများကို လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းကဏ္ဍအလိုက် ထပ်မံရင်းနှီးပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး ရန်ပုံငွေများ ရင်းနှီးမတည်ပေးရုံသာမက တောင်သူများ အမှန်တကယ် အကျိုးဖြစ်ထွန်းစေရေး လုပ်ငန်းများမှရရှိသည့် ထုတ်ကုန်များကို ဈေးကွက်ရရှိရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံကို ပြည်နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာစုစုပေါင်း (၂၀၃)ခုတွင်  စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမ လုပ်ငန်းစီမံကိန်း စုစုပေါင်း (၁၉၁)ခုတို့အတွက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ထုတ်ချေးပေးခဲ့ရာ ၂၀၂၃ ခုနှစ် ဧပြီလတွင် ရန်ပုံငွေအားလုံး ထုတ်ချေးပေးနိုင်ခဲ့ပြီး ယနေ့ အစည်းအဝေးတွင် ပထမ(၆)လ ပြည့် ဇူလိုင်လအထိ အတိုးကောက်ခံရရှိငွေ စုစုပေါင်း ကျပ် ၂၀၈.၈၀ သန်းမှ လုပ်ငန်းစီမံကိန်း (၆)ခု တွင် ထပ်မံရင်းနှီးမတည်ပေးသွားမည်ဖြစ်ကြောင်းနှင့် နောက်ထပ်ကောက်ခံရရှိသည့် အတိုးငွေများကိုလည်း စီမံကိန်းလုပ်ငန်းများ တိုးချဲ့လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)