မြစ်ကြီးနား သြဂုတ် ၂၃
ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဖူဆယ်ဘောလုံးဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဖူဆယ်ဘောလုံးကလပ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ယနေ့နံနက် ၉ နာရီက ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖူဆယ်ဘောလုံးဝါသနာရှင်များ တက် ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ဒူဒူအသင်းနှင့် ထိန်လင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့် ရှုအားပေးခဲ့ကြရာ ဒူဒူအသင်းက ၁၀ ဂိုး ၃ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက် ခဲ့သော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုရ ဘောလုံးအားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက ဒုတိယဆုရ ထိန်လင်းဘောလုံးအသင်းအတွက် တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ ဒူဒူဘောလုံးအသင်းအတွက် တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဒိုင်းဆုကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)