ရန်ကုန် ဩဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြင့်မားစေရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်နှင့် အတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာတံခွန်ခန်းမတွင် ကျင်းပသည်။
ထိုသို့ ကျင်းပရာတွင် အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဘိုကြည်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသိမ့်နှင့် အင်းစိန်မြို့နယ်၊ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်မိမိမော်တို့က အမှာစကားအသီးသီးပြောကြားပြီး အင်းစိန်မြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ တာဝန်ခံဆရာမက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် လူငယ်အသိပညာပေးဟောပြောပွဲတွင် အင်းစိန်မြို့နယ်၊ စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာ ရန်မိုးအောင်(အင်းစိန်)က လူငယ်ရေးရာ အသိပညာဗဟုသုတ သိကောင်းစရာများကို ဟောပြောပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျပန်းစကားပြောပြိုင်ပွဲကို အင်းစိန်မြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ၊ကျောင်းသူများက လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ခေါင်းဆောင်၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ယင်းနောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို( ပြန်/ဆက်)