ပုသိမိကြီး ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာနှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီက အဆိုပါကျေး/လက်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လွင်လွင်နုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြနန်းစိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် သင်တန်းကိုအစအဆုံး စိတ်အားတက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သော အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ နည်းပြဆရာမများနှင့် သင်တန်းသူများကို အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ သင်တန်းတက်ရောက်ကြသည့် သင်တန်းသားများအနေဖြင့် မိမိတို့ကျေးရွာ အတွင်းမှာလည်း သင်တန်းမှ ပို့ချလိုက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆပ်ပြာနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းများကို ပြန်လည်ဝေငှကာ မိမိတို့ကျေးရွာအတွင်း တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေများရရှိ၍ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း စသည်တို့အား ပြောကြားခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာနှင့်ခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းအား ဩဂုတ်လ ၈ရက်နေ့မှ ၁၇ ရက်နေ့ထိ ပို့ချဖွင့်လှစ်ကာ သင်တန်းသားများအား တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ အသီးသီးပေးအပ်ခဲ့ပြီး၊ သင်တန်းနည်းပြအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် သင်တန်းသူများဖြင့် အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်